အဘိဓမ္မာပိဋကတ်စာကြည့်တိုက်
နှင့် အဘိဓမ္မာစာကြည့်ခန်း

အဘိဓမ္မာသင်စရာ

သဒ္ဓါရှိမူ၊ စိတ်ကြည်ဖြူ
ကောင်းသူခေါ်ရပါ။
ပညာရှိမူ၊ စွမ်းအားယူ
တော်သူခေါ်ရပါ။
တော်လည်းတော်စေ၊
ကောင်းပါစေ
နှစ်ထွေညီမှသာ။
ကောင်းကျိုးသုခ၊ အစုံရ
မုချမြဲသေချာ။
တော်လည်းတော်ဖို့၊
ကောင်းလာစို့
သင်စို့အဘိဓမ္မာ။

ယောဆရာတော်


တို့သာသနာ၊ တို့ဘာသာ၊
ညီညာငါတို့
ပြုကြစို့


             ၁၃၀၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးသည် အသင်းကြီး၏ ဖွဲ့စည်းပုံ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ရေးဆွဲရာ၌ အဘိဓမ္မာ သာသနာ ပြန့်ပွားရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် အဖြစ် အသင်း၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဥပဒေ အပိုဒ် (၆) ၊ (၁) ကတွင် အသင်းပိုင် ပိဋကတ် တိုက်ထားရှိခြင်း ဟူ၍ ရေးဆွဲ ချမှတ်ခဲ့သည်။ အဆိုပါ ရည်ရွယ်ချက်ကို ၂၀၀၄ ခုနှစ် အမှုဆောင် သက်တမ်းတွင် အကောင်အထည် ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
              သာသနာသက္ကရာဇ် ၂၅၄၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၂၅၄၈ ခုနှစ် ကဆုန် လပြည့် (ဗုဒ္ဓဟူးနေ့) နံနက် ၀၉း၃၆ နာရီ အချိန်တွင် အမှတ် ၄၉-၅၁၊ ဗဟန်း လမ်းမကြီး ပေါ်တွင်ရှိသော အဘိဓမ္မ ရတနဃရ ဓမ္မ ဗိမာန်တော်ကြီး၌ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး ပိဋကတ် စာကြည့်တိုက် ကမ္ဗည်းမော်ကွန်းကို ရန်ကုန်မြို့ သရက်တော ကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ဘဒ္ဒန္တ ဏ္ဍန္ဒာစရိယ အမှူးရှိသော သံဃာတော်များ၊ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ ဥက္ကဋ္ဌ ဦးသန်းတင် အမှူးပြုသော အမှုဆောင် ကော်မတီများ၊ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ သဒ္ဓမ္မ ဇောတိကဓဇ၊ သီဟ သုဓမ္မ မဏိဇောတဓရ မဟာ အဘိဓမ္မ ဟိတဓရ သူရိယပဘာ ဦးကျော်ခင်မြင့် (မောင်ရင့်ကျူး - မြောင်းမြ) အမှူးပြုသော စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီများ၊ ဆရာပါရဂူ အမှူးပြုသော စာပေ ပညာရှင်များ၊ စာကြည့်တိုက် ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ၊ ဂျာနယ် မဂ္ဂဇင်း အယ်ဒီတာချုပ်များ၊ အလှူရှင် စေတနာရှင်များ ရှေ့မှောက်တွင် ပိဋကတ် စာကြည့်တိုက် နှင့် ဆူးလေ စေတီတော် ရင်ပြင်၊ အနောက်ဘက်မုဒ်၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တွင် အဘိဓမ္မာ စာကြည့်ခန်းကို ဖွင့်လှစ်ပြီး ကမ္ဗည်း မော်ကွန်းကို ရေးထိုးခဲ့သည်။
              အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး အမှုဆောင်အဖွဲ့သည် စာကြည့်တိုက် ဖွင့်လှစ်ပြီးသည့် အချိန်တွင်စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီကို စာကြည့်တိုက် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ အဖြစ် ပြောင်းလဲ တာဝန်ပေးခြင်းဖြင့် ပိဋကတ် စာကြည့်တိုက်ကြီး ရေရှည် တိုးတက် အောင်မြင် အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်၊ ခေတ်မီ နည်းပညာ စာကြည့်တိုက် ကြီးအဖြစ် တိုးမြှင့်နိုင်ရန် မျှော်မှန်းချက်များ ထားရှိခဲ့သည်။
              စာကြည့်တိုက်ကို  အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ များတွင် နံနက် ၁၀း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီ အထိ ဖွင့်လှစ်ပြီး အသင်းသူ အသင်းသားများ၊ သင်တန်းသူ သင်တန်းသားများ၊ သုတေသီများ၊ သာသာရေးနှင့် သာသနာရေး ဆိုင်ရာတို့တွင် အထူး လေ့လာလိုသူ မည်သူမဆို အသုံးပြုခွင့် ရှိသည်။
              ပါဠိတော် ပိဋကတ်စာအုပ်များ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများ၊ အဘိဓမ္မာ၊ ပါဠိတော် မြန်မာပြန်ကျမ်းများ၊ အဘိဓာန်၊ သုတ္တန်၊ ဝိနည်း၊ ဗုဒ္ဓဝင်၊ ဘုရား စေတီ ပုထိုး သမိုင်း၊ ဝတ်ရွတ်စဉ်၊ လစဉ်ထုတ် ဘာသာရေး စာစောင်များ၊
တရား တိတ်ခွေများ၊ MP-3, VCD. DVD များ စုဆောင်းထား ရှိသည်။

စိရံ တိဋ္ဌတု အဘိဓမ္မော

အဘိဓမ္မော၊
သတ္တဇီဝါ၊ သူငါမစပ်၊
ပရမတ်အစစ်၊ တရားနှစ်ကို
ဖွင့်လှစ်ထုတ်ဖော်
အဘိဓမ္မာတရားတော်သည်
စီရံ၊ ငါးထောင်သာသနာ၊
မြင့်ရှည်ကြာအောင်၊
အဓွန့်ရှည်စွာ တိဋ္ဌတု၊
စိန်မြင့်မိုရ် မဏ္ဍိုင်ကဲ့သို့၊
ခိုင်ခိုင်မတ်မတ်
တန့်ရပ်တည်
နေပါစေသတည်း။

မစိုးရိမ်ဆရာတော်


စာကြည့်တိုက်ဖွင့်ချိန်
စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့
နံနက် ၁၀း၀၀ နာရီ မှ
ညနေ ၃း၃၀ နာရီ အထိ

အဘိဓမ္မာပိဋကတ်
စာကြည့်တိုက်

အဘိဓမ္မရတနဃရ
(အဘိဓမ္မာဓမ္မဗိမာန်တော်)
အမှတ် ၄၉-၅၁၊
ကမ္ဘာအေးဘုရားလမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုံး-၃၈၀၈၈၃

အဘိဓမ္မာစာကြည့်ခန်း
ဆူးလေစေတီတော်ရင်ပြင်၊
အနောက်ဘက်မုဒ်၊
ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့။
ဖုံး-၃၇၈၄၅၇